Friday, January 11, 2013

ချော်လဲမှ အမှန်သိတော့တယ်

 ကိုယ့်ရှေ့မှာ ကြုံတွေ့လိုက်ရတဲ့ ချစ်သူ စုံတွဲအကြောင်းလေး ပြောပါရစေဦး။ မိုးတွင်းကာလက အဖြစ်အပျက် တစ်ခုပါ။ ကျွန်တော် အလုပ်ပြန်ချိန် မိုးကလဲ သဲသဲမဲမဲ ရွာသွန်းနေတယ်။ တစ်ယောက်တည်း စဉ်းစားခန်းဝင်ရင်း လျှောက်လာချိန်မှာပေါ့။ အမှတ်တမဲ့ သမီးရည်းစားနှစ်ယောက်ရဲ့ စကားသံကြောင့် ကျွန်တော့် အတွေးတွေ ပျောက်ကွယ်သွားပြီး အာရုံက သူတို့နှစ်ယောက် ပြောဆိုနေတာတွေအပေါ် ရောက်ခဲ့ရ ပါတယ်။

 ကောင်လေး - အချစ်ရယ် ဒီလိုမိုးအေးအေးလေးနဲ့ မင်းကို မလွတ်တမ်းဖက်ထားချင်လိုက်တာ။ ကိုကိုမင်းကို မခွဲချင်တော့ဘူး။ ဘာကိုပဲ ရင်ဆိုင်ရ ရင်ဆိုင်ရ အဆင်သင့်ပါပဲ အချစ်ရယ်!
 ကောင်မလေး - အတူတူပါပဲ ကိုကိုရယ်။ ချစ်က ကိုကိုထက်ပိုပြီးတော့တောင် မခွဲချင်ပါဘူး။ ချစ်ကလေ ကိုကိုရင်ခွင်ထဲမှာပဲ အမြဲနေချင်တာပါ။ ဒီလိုမိုးအေးအေးလေးနဲ့ ကိုကိုရင်ခွင် နွေးနွေးလေးနဲ့ ချစ်တော့ ဘာနဲ့မှ မလဲနိုင်တော့ဘူး ကိုကို !
 ကောင်လေး - အချစ်ရယ် မင်းအနားမှာရှိရင် ဘာမှမလိုချင်ပါဘူး။ မင်းဟာကိုယ့်ဘ၀ရဲ့ အားတစ်ခုပဲ။ မင်းမရှိရင် ငါလဲ မရှင်သန်နိုင်ဘူး။ အဲဒီလောက်ထိမင်းကို ချစ်တယ်။ ကိုကို ကို ခွဲမသွားပါနဲ့ အချစ်ရယ် နော် . . .
 ကောင်မလေး - ကိုကိုရယ် ကိုကိုနဲ့သာဆို ချစ် ဘယ်လိုဘ၀မျိုးမှာ ဖြစ်ဖြစ်နေပျော်ပါတယ်။ ဆင်းရဲချင် ဆင်းရဲပါစေ။ ဘယ်လိုအခက်အခဲ ၊ အနှောက်အယှက်၊ အတားအဆီးကိုမဆို နှစ်ယောက်လက်တွဲမဖြုတ်ဘဲ ရင်ဆိုင်ကြမယ်နော် ကိုကို သိလာ . . . ?

သူတို့နှစ်ယောက် ချစ်နလံ ထနေတာကို ကြားနေမြင်နေရပြီး အားကျမိသူက ကျွန်တော်ရယ်ပါ။ မိုးကလဲ သဲကြီး မဲကြီးရွာနေရာကနေ စဲစပြုလာပါပြီ။ မိုးရဲ့ သက်ရောက်မှုတွေက လမ်းပေါ်မှာ ရွံ့ဗွက် ၊ ချိုင့်ခွက် တွေနဲ့ မဲမှောင် နေတဲ့ မိုးကောင်းကင် အောက်မှာဆိုတော့ လမ်းပေါ်မှာလည်း အရာအားလုံးဟာ ၀ိုးတိုးဝါးတား ဖြစ်နေခဲ့ပါတယ်။ ဒီလိုနဲ့ တခဏအကြာမှာတော့ တလောကလုံးကို နှစ်ယောက်တည်းထင်လို့ မိုးမမြင် လေမမြင် ချစ်နလန် ထနေ ကြတဲ့ ချစ်သူ နှစ်ယောက်ထဲက ကောင်မလေး ပုခုံးကို ဖက်ထားတဲ့ ကောင်လေးဟာ စမန်ထနေတာနဲ့ပဲ အောက်က ရွံ့ဗွက်ကို မမြင်တော့ဘဲ နင်းချလိုက်ပါလေရော။ အမှတ်တမဲ့ ဟန်ချက်ပျက်ပြီး ဖင်ထိုင်ကျသွားတဲ့ ကောင်လေးဟာ ယောင်ယမ်းပြီး အားကိုးရာ အားကိုးကြောင်း ချစ်သူကောင်မလေးရဲ့ လက်ကို ဖမ်းစွဲလိုက်မိသ လိုဖြစ်သွားတဲ့အခါမှာတော့ -
 ဟဲ့ . . . မသာရဲ့ အောက်ကိုလဲ နည်းနည်းပါးပါးကြည့်လေ။ ဒါလေးတောင်မမြင်ရအောင် ကန်းနေလို့ လား။ ငါ့လက်လာစွဲတော့ ငါပါလဲမှာပေါ့ဟဲ့ အကောင်ရဲ့ ဟူ၍ ဖြစ်သတည်း။
ဒီအတွဲလေးကိုကြည့်ပြီး တစ်ချို့ . . . တစ်ချို့ တခြားအတွဲလေးများကို ပြောချင်တာကတော့ -
ချစ်တိုင်း မယုံ
 ပြောတိုင်း အဟုတ်မထင်နဲ့ ချစ်တယ်ဆိုတိုင်း မယုံရ
 တကယ့် တကယ်တော့ အာပလာ သုည !!!
လူတိုင်း လူတိုင်း စစ်မှန်သော အချစ်နှင့် သစ္စာကို ကိုးကွယ်ခြင်း ဆည်းကပ်ခြင်း မပြုမီ သတိပြုဆင်ခြင် နိုင်ပါစေ သတည်း :P
သဒ္ဒါထက်ပိုင်မှူး